ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၌ ကားတစ်စီးအရှိန်လွန်တိမ်းမှောက်၍ တက္ကသိုလ်ဆရာမ(၃)ဦးကွယ်လွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ဝမ်အိုင်ကျေးရွာအကြား (၈)မိုင်လမ်းဆုံ အဆင်းတွင် ဇန်နဝါရီ (၃၁) ရက် က မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှာက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်၊ နမ့်အင်းကျေးရွာအုပ်စု အာမောဒေကျေးရွာအနီးရှိ (၁၉)မိုင် သဘာဝတရားရိပ်သာ မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း စိုင်းရီကျောက်(၃၅)နှစ် ကျိုင်းတုံမြို့နေသူမောင်းနှင်သည့် အာရဖတ်(အဖြူရောင်) ကား သည် မိုင်းခွန်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် ဝမ်အိုင်ကျေးရွာအကြား (၈)မိုင်လမ်းဆုံ အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ တိမ်းမှာက်ခဲ့ရာ ကားပေါ်တွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ(၉)ဦးတို့အနက် တက္ကသိုလ်ဆရာမ ၃ ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရမရရှိဘဲ ကျန် ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် ကျိုင်းတုံတက္ကသိုလ် သတ္တဗေဒဌာနမှ ဒေါက်တာ ခင်မင်းမင်းထွန်း၊ ဒေါက်တာ လဲ့လဲ့ခိုင်၊ ဒေါက်တာ နီလာစိုး တို့ သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း စိုင်းရီကျောက်အား အမှတ်(၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(ကျိုင်းတုံ)မှ အမှုဖွင့်အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Photo credit
Swelsone News